ပိုက်ဆံအများကြီးရတဲ့ ကြောက်မက်ဖွယ်အကောင်းဆုံး အလုပ်အကိုင်များ

ခုပြောပြသွားမယ့် အလုပ်အကိုင်တွေက သာမန်နဲ့ မတူပဲ အန္တရာယ်များနေပေမယ့်လည်း ဝင်ငွေအနေနဲ့ကတော့ မယုံနိုင်စရာကောင်းလောက်အောင်ကို ရရှိနိုင်ပါတယ်။ ဒါကြောင့် ဒီကနေ့မှာတော့ ပိုက်ဆံအများကြီးရတဲ့ ကြောက်မက်ဖွယ်အကောင်းဆုံး အလုပ်အကိုင်တွေအကြောင်းကို တင်ဆက်ပေးသွားပါမယ်။

ရေနံတူးစင်ပေါ်မှာ အလုပ်လုပ်ရတဲ့သူ

ရေနံတူးစင်ပေါ်မှာ အလုပ်လုပ်တဲ့သူတွေက အခြား အလုပ်ကြမ်းလုပ်ရတဲ့ လူတွေထက်စာရင် ပိုက်ဆံ အများကြီးပိုရပါတယ်။ သူတို့ရဲ့ တစ်နှစ်ဝင်ငွေက ဒေါ်လာ တစ်သိန်းနီးပါးလောက်ရှိပြီး ကျွမ်းကျင်မှုပေါ်မူတည်ပြီး အဲ့ထက် နှစ်ဆ ရတဲ့သူတွေလည်းရှိပါတယ်။ အဲ့လို ငွေအမြောက်အများရတဲ့နောက်ကွယ်မှာလည်း အကြောင်းရင်းများစွာရှိနေပါတယ်။ ပထမဆုံးအနေနဲ့ပြောရရင် အဲ့ဒီအလုပ်အကိုင်က အရမ်း အန္တရာယ်များပြီး နှစ်စဉ် သေဆုံးမှု ၂၁ ယောက်ထိရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ခုလို အများကြီးပေးရတာရဲ့ နောက်ကွယ်မှာလည်း မတော်တဆမှုတွေ မဖြစ်ရအောင် တာဝန်ယူရတာတွေများစွာရှိပါတယ်။

၂၀၁၁ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ Deep Water Horizon (ဒိ ဝါးတား ဟော်ရွိုင်ဇုန်) ဖြစ်ရပ်ဆိုးမှာဆိုရင် လူမတော်တဆမှုကြောင့်ဖြစ်ပျက်ခဲ့တာဖြစ်ပြီး လူ ၁၁ ယောက်ထိ သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် အဲ့ဒီအလုပ်အကိုင်ကို လုပ်ပြီဆိုရင် သင့်လုပ်ဖော်ကိုင်ဘက် နဲ့ သင့်ရဲ့ အသက်ကို ကာကွယ်ဖို့အတွက် အမှားမလုပ်မိအောင် သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ကိုယ်ယူရတဲ့ တာဝန်နဲ့ ထိုက်တန်တဲ့ ငွေကြေးကို ရတာဖြစ်လို့ ပရိသတ်တို့ထဲမှာကော စွန့်စားရဲတဲ့သူတွေ ရှိကြလား မသိဘူးနော်။

ရေငုတ်ပြီး ဂေါက်သီးဆယ်ယူသူ

ဒီအလုပ်က ကြားလိုက်ရင် အလုပ်လို့တောင် ဘယ်သူမှ ထင်မိမှာ မဟုတ်ပါဘူး။ အဲ့ထက် အံ့သြဖို့ကောင်းတာက ရေကန်တွေထဲ ကျနေတဲ့ ဂေါက်သီးတွေကို ဆယ်တဲ့သူတွေက တစ်နှစ်ကို ဒေါ်လာ တစ်သိန်းခွဲထိ ရနိုင်ပါတယ်။ သူတို့အနေနဲ့က ရေငုတ်ဝတ်စုံတွေ ဝတ်ဆင်ပြီးတော့ ရေအောက်တွေထဲ ဆင်းကာ ဂေါက်သီးတွေကို ရှာဖွေ ဆယ်ယူရတာပဲဖြစ်ပါတယ်။ ဆယ်ယူလာလို့ ရတဲ့ ဂေါက်သီးတွေကို ပြန်ရောင်းချလို့ရတဲ့ ဈေးကွက်ရှိနေတာကြောင့် အဲ့ဒီအလုပ်အကိုင်က ဝင်ငွေများနေရတာပဲဖြစ်ပါတယ်။

သင်တို့ သိတဲ့အတိုင်း ဈေးကွက်ရှိနေရင်တော့ ဝင်ငွေရှိနေမှာပဲလေ။ မဟုတ်ဘူးလား။ ဒါပေမယ့်လည်း ဂေါက်သီးရေငုတ်ဆယ်ရတဲ့အလုပ်က ထင်သလောက်တော့ မလွယ်ကူလှပါဘူး။ ပထမဆုံးအနေနဲ့ ရေငုတ်တတ်ဖို့ လိုအပ်ပြီး နောက်တစ်ချက်ကတော့ ရေထဲမှာရှိတဲ့ မြွေတို့ အခက်မသင့်ရင် မိချောင်းတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ တစ်ခါကလည်း တောင်အမေရိကလူမျိုးဖြစ်တဲ့ ဗန်ဒါဆန်းက ဂေါက်သီးဆယ်နေရင်းနဲ့ မိချောင်းကိုက်တာ ခံလိုက်ရပြီး အသက်ဆုံးရှုံးသွားခဲ့ပါတယ်။

အခင်းဖြစ်တဲ့နေရာကို သန့်ရှင်းရေးလုပ်ပေးရသူ

ဒီအလုပ်အကိုင်ကတော့ အခြားအလုပ်တွေနဲ့ မတူပဲ အသည်းငယ်တဲ့သူတွေ၊ သွေးမြင်ရင် မေ့လဲတတ်သူတွေ လုပ်လို့ မရတဲ့ အလုပ်တစ်ခုပဲဖြစ်ပါတယ်။ ဒီအလုပ်ကတော့ မှုခင်းဖြစ်ပွားရာနေရာမှာ ကျန်ခဲ့တဲ့ အရာတွေကို သန့်ရှင်းရေ လုပ်ရတာပဲဖြစ်ပါတယ်။ ဆူဆိုက်လုပ်တာ၊ လူသတ်မှုဖြစ်တာ နဲ့ ပုတ်သွေးဆွေးမြေ့နေတဲ့ အလောင်းတွေအကုန်လုံးကိုရဲ့ သွေးတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သန့်ရှင်းရေးလုပ်ပေးရပါတယ်။

သူတို့အနေနဲ့ တစ်ရက်လုံး မှုခင်းဖြစ်ရာနေရာမှာ နေပြီးတော့ ကြမ်ခင်းပေါ်မှာ စွန်းနေတဲ့ သွေးစက်တွေကို ပြောင်သွားအောင် သုတ်ရတယ်၊ ကော်ဇောကြားထဲမှာ ကျနေတဲ့ အရိုးစလေးတွေကိုလည်း လိုက်ကောက်ပေးရတယ်၊ ဒါနဲ့မပြီးသေးပဲ ခေါင်းကို သေနတ်နဲ့ ပစ်ခံရတာမျိုးဆိုရင် ဦးနှောက်စလေးတွေကို သေချာ လိုက်ကောက်ပေးရပါသေးတယ်။ ဒါကြောင့် သူတို့အနေနဲ့ တစ်နာရီကို ဒေါ်လာ ၂၅၀ လောက်ရကြပြီး တစ်နှစ်ကို ဒေါ်လာ ငါးသောင်း ဝန်းကျင်လောက် ဝင်ငွေရကြပါတယ်။ သင်တို့အနေနဲ့ မကြောက်တတ်ဘူးဆိုရင်တော့ အဲ့ဒီအလုပ်မှာ သွားလျှောက်လို့ရပါတယ်။ ဘွဲ့ရယုံနဲ့ လုပ်ကိုင်လို့ရပြီး ကျန်တဲ့ လိုအပ်ချက်တွေကို ကုမ္ပဏီက သင်ကြားပြသပေးသွားမှာပဲဖြစ်ပါတယ်။

မိလ္လာပိုက်၊ ရေဆိုးပိုက် သန့်ရှင်းရေလုပ်သူ

PIC BY STEWART TURKINGTON
www.stphotos.co.uk

ဒီအလုပ်ကတော့ ကြားလိုက်တာနဲ့တင် ရွံစရာကောင်းတဲ့ အလုပ်အကိုင်တစ်ခုပဲဖြစ်ပါတယ်။ သူတို့ရဲ့ အလုပ်ကတော့ မိလ္လာပိုက်ခေါင်းတွေထဲ ဆင်းသွားရပြီးတော့ နံပါတ် တစ် နဲ့ နံပါတ်နှစ် ပိတ်နေတာမျိုးတွေကို သန့်ရှင်းရေး လုပ်ပေးရပါတယ်။ မဟုတ်ရင်တော့ လမ်းကြောင်းမှာ ပိတ်နေပြီး ပြည်သူတွေ ဒုက္ခရောက်သွားနိုင်ပါတယ်။ အဲ့ထက်ဆိုးတာက မိလ္လာလမ်းကြောင်းတွေမှာ ပြည်သူတွေ စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေက အရည်အပျော်နိုင်ပဲ အစိုင်အခဲတွေဖြစ်ပြီးတော့ လမ်းကြောင်းပိတ်နေတတ်ပါတယ်။

အဲ့လိုအခြေအနေမျိုးမှာဆိုရင် မိလ္လာလမ်းကြောင်းတစ်ခုလုံးကို လူ ၁၀ ယောက်လောက်က လိုက်လံ သန့်ရှင်းရေးလုပ်ရပြီး ၁၀ ပတ်လောက်ထိ အချိန်ပေးရတယ်လို့ သိရပါတယ်။ ဝင်ငွေအနေနဲ့ကတော့ တစ်နှစ်ကို ဒေါ်လာ ၆ သောင်းလောက်ရရှိတာဖြစ်လို့ လုပ်ရတာနဲ့ တန်တယ်လို့ ထင်ပါသလား။ ပရိသတ်တို့ကော.. ဘယ်လိုလဲ.. အဲ့လို အလုပ်ကို လုပ်ရဲကြတဲ့သူ ရှိကြလား မသိဘူးနော်။

ရေအောက်မှာ ဂဟေဆော်သူ

သင်တို့အနေနဲ့လည်း ရေကူးရတာလည်း နှစ်သက်တယ်၊ ရေငုတ်တဲ့နေရာမှာလည်း ကျွမ်းကျင်တယ်ဆိုရင်တော့ ပိုက်ဆံအများကြီးရတဲ့ အလုပ်ကို လျှောက်လို့ရပါတယ်နော်။ အဲ့ဒါကတော့ ရေအောက်မှာ ဂဟေဆော်ရတဲ့ အလုပ်ပဲဖြစ်ပါတယ်။ အလုပ်ဝင်စ အတွေ့အကြုံမရှိသေးတဲ့သူဆိုရင် တစ်နှစ်ကို ဒေါ်လာ သုံးသောင်းလောက် ရနိုင်ပြီး အတွေ့အကြုံနည်းနည်းရှိသွားရင်တော့ တစ်နှစ်ကို ခုနှစ်သောင်းခွဲထိ ရနိုင်ပါတယ်။ အဲ့ဒါနဲ့မပြီးသေးပါဘူး။ သင့်အနေနဲ့ ရေအောက်အနက်ကြီးတွေထိ သွားပြီးတော့ ဂဟေဆော်ရဲတယ်ဆိုရင်တော့ သင်သွားနိုင်တဲ့ အနက်ပေါ်မူတည်ပြီး ထပ်စောင်း အပိုဝင်ငွေတောင် ရနိုင်ပါသေးတယ်။ ကံကောင်းရင်တော့ တစ်လအတွင်းမှာပဲ ဒေါ်လာ ၇ နှစ်သောင်းခွဲရသွားနိုင်ပါတယ်နော်။

ဒါပေမယ့်… ပြောတာ သေချာလေးနားထောင်ပါနော်။ သင်တို့ မြင်ဖူးနေကြဖြစ်တဲ့ အလှ ရေငုတ်သမားတွေလိုတော့ မထင်လိုက်ပါနဲ့နော်။ ခုလို ရေအောက်မှာ ဂဟေဆော်ရတဲ့သူတွေက အရမ်းအေးတဲ့ ရေထဲမှာ အကြာကြီးနေရသလို အခက်မသင့်ရင် ပြင်းထန်တဲ့ ရေစီးကြောင်းထဲ ရောက်သွားရင် အသက်အန္တရာယ်တောင် ထိခိုက်နိုင်ပါတယ်။ ဒါတွေ အကုန်လုံးကို မကြောက်ဖူးဆိုရင်တော့ ဒီအလုပ်ကို သွားလျှောက်လို့ရပါပြီနော်။

လျှပ်စစ်ပါဝါကြိုးတွေကို တပ်ဆင် ပြင်ဆင်သူများ

ပရိသတ်တို့အနေနဲ့ အမြင့်ကို မကြောက်ကြဘူးဆိုရင် အခု အလုပ်အကိုင်ကို စဉ်းစားလို့ရပါတယ်။ လျှပ်စစ်ပါဝါကြိုးတပ်ဆင်သူတွေအနေနဲ့ တစ်နှစ်ကို ဒေါ်လာ ၇ သောင်းလောက်ရနိုင်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအလုပ်အကိုင်က အရမ်းမြင့်မားတဲ့ တာဝါတိုင်တွေနဲ့ အခြား အဆောက်အအုံးတွေပေါ် တက်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး အဲ့လိုအလုပ်တွေက ပြင်ဆင်သူတွေအနေနဲ့ မြန်မြန်လုပ်ကိုင်ဖို့တော့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ပြည်သူတွေ လျှပ်စစ်မီးမရှိပဲ အကြာကြီး စောင့်နေရမှာကို မဖြစ်မခံနိုင်ပါဘူးလေနော်။

ဒါနဲ့မပြီးသေးပဲ.. သင့်အနေနဲ့ လျှပ်စစ်ဗို့အားကြီးတဲ့ ဝါယာရိုးတွေကို ကိုင်တွယ်လုပ်ဆောင်ရမှာဖြစ်တာကြောင့် အခက်မသင့်ရင် အသက်သေဆုံးသွားနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အမြင့်မကြောက်သူ ဖြစ်ရမယ့်အပြင် အလုပ်မှာ ကျွမ်းကျင်မှု ရှိဖို့လည်း လိုအပ်ပါတယ်။

ဂဏန်းငါးဖမ်းသူ

ပင်လယ်ထဲမှာ ငါးဖမ်းတဲ့ အလုပ်အကိုင်က ယေဘုယအားဖြင့် အသက်အန္တရာယ်များတဲ့ အလုပ်အကိုင်တစ်ခုဖြစ်ပြီး လူအသေအပျောက်လည်း များတဲ့ အလုပ်အကိုင်တစ်ခုဖြစ်ပါတယ်။ ခုပြောပြမယ့် ဂဏန်းငါးဖမ်းတာက ပိုလို့တောင် ဆိုးနေပါတယ်။ လှေကြမ်းပြင်တွေက ချောနေတာရယ်၊ လှေပေါ်က ကြီးမားတဲ့ စက်ယန္တရားတွေ ရှိနေတာရယ် နဲ့၊ ပြင်းထန်တဲ့ ရေလိုင်းတွေရယ်ကြောင့် ပင်လယ်ပြင်မှာ ဂဏန်းဖမ်းတဲ့ အလုပ်အကိုင်က အန္တရာယ်အများဆုံး အလုပ်အကိုင်တစ်ခုပဲဖြစ်ပါတယ်။

အေးလွန်းလှတဲ့ ရာသီဥတုမှာ ရေစိုစိုကြီးနဲ့ အချိန်အကြာကြီး လုပ်ကိုင်ရတဲ့ အလုပ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂဏန်းဖမ်းတဲ့အလုပ်က ပိုက်ဆံအမြောက်အများကို အချိန်တိုတိုအတွင်းရှာနိုင်ပါတယ်။ သူတို့အနေနဲ့ သုံးလအတွင်းမှာ ဒေါ်လာ နှစ်သောင်းကနေ ၅ သောင်းအတွင်းရနိုင်ပါတယ်။ တစ်နှစ်ကို သူတို့အနေနဲ့ ဒေါ်လာ တစ်သိန်းနီးပါးလောက်ရကြတယ်လို့ သိရပါတယ်။

သစ်ခုတ်သမား

သစ်ခုတ်တဲ့အလုပ် နဲ့ ငါးဖမ်းတဲ့အလုပ်ကတော့ အန္တရာယ်အများဆုံး အလုပ်တွေပဲဖြစ်ပြီး အသေအပျောက်အများဆုံး အလုပ်အကိုင်တွေလည်း ဖြစ်ပါတယ်။ သစ်ခုတ်သမားတွေအနေနဲ့ သစ်တောတွေထဲမှာ တစ်ရက်လုံးအချိန်ကုန်ဆုံးရပြီး သစ်ပင်တွေကို ခုတ်ဖြတ်နေရတာဖြစ်လို့ အားအင်တော်တော်လေးစိုက်ထုတ်ရတဲ့ အလုပ်ပဲဖြစ်ပါတယ်။

ဒါနဲ့မပြီးသေးပဲ မတော်တဆ သစ်ခုတ်သမားတွေအနေနဲ့ သစ်ပင်ပေါ်ကလည်းပြုတ်ကျနိင်သလို သစ်ပင်ကလည်း သစ်ခုတ်သမားတွေအပေါ် ပြုတ်ကျလာနိုင်ပါတယ်။ ရာသီဥတု ဆိုးတဲ့အခါမျိုးတွေမှာဆို သူတို့အတွက် ပိုပြီးတော့တောင် အန္တရာယ်များလှပါတယ်။ ဒါပေမယ့်လည်း သူတို့အနေနဲ့ တစ်နှစ်ကို ဒေါ်လာ ၅ သောင်းလောက်ရနိုင်တာဖြစ်လို့ ပရိတ်သတ်တို့ထဲမှာကော အသက်ထက် ပိုက်ဆံကို ဦးစားပေးရဲတဲ့သူတွေ ရှိကြလား မသိဘူးနော်။

credit-shwenyanshin

  • Leave a Comment