သင့်ကောင်လေး သင့်ကိုအရမ်းချစ်နေကြောင်း ဖော်ပြနေတဲ့အမူအရာများ

မထင်မှတ်တဲ့ အပြုအမူလေးတွေဟာ ရင်ဘတ်ထဲကလာတာပါ။ တစ်ခါတလေ သင့်ကောင်လေး ဒါမှမဟုတ် တစ်ယောက်ယောက်က သင့်ကို သင့်ကို အရူးအမူးချစ်မိနေရင်တောင် ဖွင့်မပြောကြတဲ့ အခါမျိုးရှိတတ်ပါတယ်။ ဒီအချက်လေးတွေကို သူ့အပြုအမူထဲမှာ တွေ့နေရပြီဆိုရင်တော့ သင့်ကို အချစ်စစ်နဲ့ချစ်နေတာ သင်သိသင့်ပါပြီနော်။

(၁) သင်ပြောတာတွေကို မှတ်မိနေမယ်

ယောကျ်ားလေးတစ်ယောက်ဟာ တော်ရုံတန်ရုံ ကိစ္စတွေကို ခေါင်းထဲထည့်လေ့မရှိပါဘူး။ ဒါပေမယ့် သင်ပြောတဲ့ စကားတိုင်းကို သူဂရုတစိုက်နားထောင်ပေးတယ်၊ အသေးအမွှားလေးတွေကအစ သူမှတ်မိနေတယ်ဆိုရင် သင့်ကိုသူ အလေးထားလို့ပါ။

(၂) ရန်ဖြစ်တဲ့အချိန်တွေမှာ အလျှော့ပေးတယ်

သင်နဲ့ ခဏခဏ ရန်ဖြစ်နေပေမယ့် ပြန်ပြေလည်အောင် သူအမြဲတမ်းလုပ်သွားမှာပါ။ တစ်ခါတလေကျရင် သူ့ရဲ့မာနတွေကိုတောင် ခဝါချပြီး သူ့ဘက်ကစတောင်းပန်မှာပါ။ ဒီလိုလုပ်တိုင်း သူမှားနေတာတော့ မဟုတ်ပါဘူး။ သင့်ကိုသူ အရမ်းချစ်လို့ပါ။

(၃) သူ့ရဲ့နောက်ဆုံးလူဟာသင်ပါပဲ

သူ့ရဲ့ နောက်ဆုံးချစ်သူဟာ သင်ဖြစ်နေမှာပါ။ ဒါ့အပြင် သူမအိပ်ခင်နောက်ဆုံး စကားပြောလိုက်တဲ့သူကလည်း သင်ပါပဲ။ သူနိုးနိုးချင်းမှာပဲဖြစ်စေ၊ အိပ်ခါနီးမှာပဲဖြစ်စေ သူ့ရဲ့ ပထမဦးဆုံးနဲ့ နောက်ဆုံး အတွေးထဲကို ဝင်လာတဲ့သူဟာ သင်ပါပဲ။

(၄) အရမ်းကြိုးစားနေမယ်

သင့်ရဲ့ အသိုင်းအဝိုင်း၊ သင့်ရဲ့ မိသားစုနဲ့ ဝင်ဆန့်တဲ့ အခြေအနေအထိရောက်အောင် သူအစွမ်းကုန်ကြိုးစားနေမှာပါ။ သင်နဲ့ အတူနေနိုင်ဖို့အတွက် သင့်မိသားစုနဲ့ သင့်သူငယ်ချင်းတွေရဲ့ ထင်မြင်ယူဆချက်ဟာ အရေးပါတဲ့ အရာတစ်ခုမှန်းသူ ကောင်းကောင်းသိပါတယ်။ ဒါ့အပြင် သူ့ကြောင့်သင့်ကို ဘယ်တော့မှ မျက်နှာမငယ်စေချင်တဲ့ သူပါ။

(၅) သင့်ဘက်မှာသူအမြဲရှိတယ်

ယောကျ်ားလေးတွေက တကယ်ချစ်ပြီဆိုရင် သင်ဘယ်လောက်ပဲမှားနေပါစေ သင့်ဘက်ကပဲရပ်တည်ပေးမှာပါ။ သင့်ကိုသူ ဘယ်တော့မှ အားငယ်စေမှာမဟုတ်သလို တစ်လောကလုံးနဲ့တစ်ယောက် ဆိုရင်တောင် သင့်ဘက်ကပဲ မားမားမတ်မတ် ရပ်တည်ပေးနေမှာပါ။

(၆) သင့်ကိုအရမ်းကာကွယ်ပေးချင်တယ်

သင့်ကိုသူအမြဲ ဂရုစိုက်တယ်၊ ကာကွယ်ပေးနေပါလိမ့်မယ်။ သူမပါပဲခရီးသွားတာတို့၊ အဝေးရောက်နေတာတို့ ဆိုရင်တောင် သင်ဘယ်ရောက်နေလဲ၊ အဆင်ပြေလား၊ ဘယ်သူနဲ့လဲ ဆိုတာကို အမြဲလှမ်းမေးနေမှာပါ။ ဒါ့အပြင်ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့လည်း တဖွဖွ မှာနေတတ်တယ်ဆိုရင်တော့ သင့်ကို သူတော်တော်အလေးထားလို့ပါ။

(၇) လေးလေးစားစားဆက်ဆံတယ်

ဒါကတော့ အရေးကြီးဆုံးအချက်ပါပဲ။ သင့်ကိုတကယ်ချစ်တဲ့သူက သင့်ရဲ့ သိက္ခာညစ်နွမ်းစေမယ့် အရာမျိုးဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ သင့်ကို တခြားမိန်းကလေးတွေ အားလုံးက အားကျရလောက်တဲ့အထိကို ဂရုစိုက်ကြင်နာတယ်ဆိုရင်တော့ သူ့လောက်ချစ်နိုင်မယ့်သူဟာ တော်တော်ရှားသွားပါပြီ။

credit:Em Em(Auntymay)

Author: Nyi Thu Tha

Leave a Reply

Your email address will not be published. Required fields are marked *